Thursday 18 July 2013

ဆရာကောင်း တပည့် .. (၂၆)

ပျော်ရွှင်စရာတွေ ပြည့်နှက်နေသော မှုန်နံ့သာ၏ ဘ၀လေးထဲသို့၊ စိတ်မချမ်းမြေ့စရာကို သယ်ဆောင်လာပေးသူက တနင်္ဂနွေမနက်၏ မိုးဖြစ်သည်။ မနက်လင်းပိုင်းမှ ရွာချသည့် မိုးသည် စနေမှာရွာသည့်မိုး မဟုတ်သည့်တိုင်၊ ခြောက်နာရီထိုးခါနီးထိ မစဲသေး။ မှုန်နံ့သာ ဘာလုပ်ရမှန်းမသိ။ အားကစားဝတ်စုံကိုလဲလို့သာ လဲထားလိုက်ရသည်။ ကောင်းပေါ်လာဖို့ မျှော်လင့်ချက်ကတော့ အလှည့်ကျမီးပေးသည့်အချိန်တွင် နှစ်ဆယ့်လေးနာရီ မီးလာအောင် တောင့်တသလိုမျိုးနှင့်တောင် တူနေပေဦးမည်။ ခြောက်နာရီထိုးခါနီးတော့ မိုးကောင်းကင်ဆီက ဖုန်းဝင်လာပါသည်။ ဧည့်ခန်းထဲတွင် မယောင်မလည်နှင့် မှုန်နံ့သာ ရှိနေသည်မို့ သူမ သွက်သွက်လက်လက်ပင် ကောက်ကိုင်လိုက်သည်။

“ကောင်း ဘယ်လိုလဲ …“
“အင်း .. မိုးရွာနေတယ် မှုန် .. မှုန်တို့ဘက်မှာလည်း ရွာနေတာပဲ မဟုတ်လား ..“
“ဟုတ်တယ် ရွာနေတယ် .. စဲမယ့်ပုံလည်း မပေါ်ဘူး .. ဘယ်လိုလုပ်ကြမလဲ ..“
“မိုးကိစ္စခဏထားလိုက်ပါ  .. အခု ကောင်းက မှုန့်ကို အရေးတကြီးပြောစရာရှိလို့ ..“
“ဟင် . .ဘာပြောစရာ ရှိလို့လဲ …“
“တခြားတော့ မဟုတ်ဘူး .. ကောင်း .. မှုန်နဲ့ ဒီနေ့ မတွေ့ နိုင်ဘူးဖြစ်နေတယ် .. မိုးရွာတာကြောင့် မဟုတ်ဘူး .. နောက်ရက်တွေလည်း မသေချာဘူး ..“

မိုးကောင်းက ရှင်းပြရှာပါသည်။ မိုးကောင်းကင်တို့ မျိုးရိုးသည် တရုတ်သွေးအနည်းငယ်ပါသည်။ အမေဘက်ကဖြစ်သည်။ ဒါကြောင့်ပဲလား မသိ။ သူ့မှာ မွေးစားအမေလို့ခေါ်ရမည့် GodMother ရှိသည်။ မိုးကောင်းကင်၏ ပြောပြချက်အရ သူ့မွေးစားအမေ ဒေါ်ကြိုက်လွယ်လွယ်သည် သွေးကင်ဆာ ဝေဒနာရှင်တစ်ဦးပင်။ ရောဂါအခြေအနေက ဒီနှစ်ပိုင်းအတွင်းမှာ အနည်းငယ်ပို၍ ဆိုးရွားလာသည်။ ဖြစ်ချင်တော့ မနေ့ညတုန်းက အသည်းအသန်သဘောမျိုးဖြစ်သဖြင့် မိုးကောင်းကင်တို့ တစ်မိသားစုလုံး (ညီလုလင်တော့မပါ) ညလုံးပေါက် ဒေါ်ကြိုက်လွယ်လွယ်၏ အိမ်တွင် လူနာစောင့်နေခဲ့ကြသည်။ မိုးကောင်ကင်ထပ်ပြောသည်က သူ့မွေးစားအမေ၏ အခြေအနေက မကောင်း။ နောက်ဆုံးအချိန်လို ဖြစ်နေလေရာ သူ အနားတွင် ရှိနေပေးဖို့ လိုအပ်နေလေသည်။ မှုန်နံ့သာတို့နှစ်ယောက်အတွက် အဆင်မပြေချင်တော့ ထိုမွေးစားအမေကလည်း နီးနီးနားနားမှာ နေသည် မဟုတ်။ သည်တော့ ခဏတဖြုတ် လာတွေ့ချင်လျှင်တောင်မှ လွယ်မိပုံမပေါ်။ မှုန်နံ့သာနှင့် လွတ်လွတ်လပ်လပ်တွေ့ရဖို့ ဒီရက်ပိုင်းအတွင်းမှာ မဖြစ်နိုင်သည့်အကြောင်း ရှင်းပြရှာသည်။ မိုးကောင်းကင်၏ အသံက ဆွေးမြေ့ မြေ့ နှင့် ဖြစ်နေလေ၏။

မှုန်နံ့သာ ရုတ်တရက်တော့ ဘာပြောရမှန်းမသိ။ မိုးကောင်းကင်နှင့် မတွေ့နိုင်ဆိုသည့် သတင်းအတွက် ၀မ်းနည်းမိသည်။ သို့သော် ကြင်နာတတ်သည့် စိတ်ထားအရင်းခံရှိသည်မို့ ၊ မိုးကောင်းကင်အတွက်လည်း သနားရပြန်သည်။ ချစ်ရသူကို အားပေးချင်သည်။ ရင်ကလေးမို့လာသည်အထိ၊ လေကိုဝအောင် ရှူသွင်းလိုက်ပြီးမှ ..
“ရပါတယ် ကောင်းရယ် .. မှုန် နားလည်ပါတယ် .. စိတ်မပူနဲ့ ... မှုန် ကောင်းနဲ့ အေးအေးဆေးဆေး တွေ့နိုင်မယ့်ရက်ကို လက်ချိုးရေပြီး စောင့်နေမယ် ..“
“ကျေးဇူးတင်တယ် မှုန် .. ကောင်းကို နားလည်ပေးလို့ ..  တကယ်ပြောတာပါ .. ကောင်း မှုန့်ကို အရမ်းသတိရနေမှာ သေချာတယ် .. “
“အင်းပါ .. နေ .. နေဦး .. မှုန်မေးစရာရှိလို့ .. ကောင်းရဲ့ မွေးစားအမေ ဘယ်သူ .. ဒေါ်လွယ်လွယ်ကြိုက်ဟုတ်လား ..“
“အာ .. မှုန်ကလည်း .. ကြိုက်လွယ်လွယ်ပါ .. ကြိုက်ဆိုတာက သူတို့မျိုးရိုးနာမည် .. တရုတ်မမှ အစစ်ကြီး .. လွယ်လွယ်ကြိုက်တာက မှုန် ..“
“ကောင်းနော် .. မှုန် အကောင်းပြောမလို့ .. မစနဲ့ .. ဟွန်း .. မှုန်ကဖြင့် ကြားက စိတ်မကောင်းဖြစ်နေရတာကို ..“
“အ ဟီး … ဆောရီး .. စိတ်မကောင်းမဖြစ်ပါနဲ့ မှုန် .. သူက ဒီလိုဖြစ်မယ်ဆိုတာ သိနေပြီးသား .. အသက်လည်းကြီးပြီလေ .. ဒါတွေ ထားလိုက်ပါ .. ကဲ ပြော .. မှုန် ဘာပြောမလို့လဲ ..“
“အဲဒီ ကောင်းမွေးစားအမေမှာ သမီးတွေ ဘာတွေ ရှိမနေပါဘူးနော် .. တော်ကြာနေမှ … မှုန် မကြားချင်တဲ့ သတင်းတွေ ကြားနေရဦးမယ် ..“

ရုတ်တရက်တော့ မှုန်နံ့သာ ဘာဆိုလိုချင်သည်ကို မိုးကောင်းကင် စဉ်းစားမိဟန်မတူ။ ခဏအကြာတွင်မှ သဘောပေါက်သွားဟန်နှင့် တဟားဟား အော်ရယ်သည်။ ရယ်သံစွက်နေသည့် အသံနှင့်လည်း မှုန်နံ့သာကို လှမ်းပြောသည်။
“ပေါက်တတ်ကရ မှုန်ရယ် .. ဒီလိုသာဆိုရင် ကောင်းလည်း မေးရဦးမယ် .. မှုန့်အမေနဲ့ အဖေမှာ နှလုံးရောဂါတို့၊ နှလုံးသွေးကြောကျဉ်းတာတို့ မရှိပါဘူးနော် .. တော်ကြာနေ ကိုယ်က မွမ်းမံခြယ်သထားတာလေး ပြန်လည်းပြန်လာရော .. သူများလက်ထဲ ပါသွားမှ ဟုတ်ပဲ့ဖြစ်နေမယ် .. ဟီး ..“
“အယ် .. ဖွဟဲ့လွဲပါစေ ဖယ်ပါစေ .. အဲဒီလို ကြပ်ကြပ်ပြော .. ရှင့်ကို ကျမအဖေက တွေ့တာနဲ့ သတ်နေမယ် ..“
“အလကား ပြောတာပါ မှုန်ရယ် .. စတာပါ .. ဒီတစ်ခါ အကောင်းပြောမယ် .. မှုန် ၀ိတ်ချတဲ့ လေ့ကျင့်ခန်းတွေတော့ ဆက်လုပ်နေနော် .. တစ်ယောက်တည်းပဲဆိုပြီး မပြေးပဲနဲ့လည်း မနေနဲ့ .. မှုန့်အိမ်နဲ့ဆို အားကစားကွင်းက ဘယ်လောက်မှ ဝေးတာ မဟုတ်ဘူး .. တကယ်လို့ ကောင်းမပါလို့ … စိတ်ထဲတစ်မျိုးဖြစ်တယ်ဆိုရင်တော့ ကြိုးခုန် … အဲဒါလည်း ၀ိတ်ကျတာပဲ .. ကောင်းတစ်ခုပဲ စိတ်မကောင်းတာ မှုန် ကြိုးခုန်နေတာကို ဘေးကလာမကြည့်နိုင်တာကိုပဲ .. ဟီး ..“

သည်တစ်ခါတော့ မိုးကောင်းကင် နောက်ဆုံးပြောသွားသည့်စကားကို မှုန်နံ့သာ ပြန်စဉ်းစားရသည်။ သိပ်တော့ ကြာကြာ မတွေးလိုက်ရပါ။ သူမက ခေတ်၏သမီးပျိုပဲ။ ဘာလဲဆိုတာ မျက်စိထဲ ချက်ချင်းပြေးမြင်သည်။

“ကောင်းနော် .. ဟွန်း ..  လူနာစောင့်ရမယ့်လူက  နှာအတွေးတွေးနေတယ် .. “
မိုးကောင်းကင်က တစ်ခုခုပြန်ပြောမည် ပြုသည်။ သို့သော် “မှုန်”လို့ ပြောသံကြားပြီးနောက် နောက်ထပ်စကားဆက်ပြောမည်ပြုစဉ်မှာ၊ တခြားသော အသံတစ်ခုကို ဖုန်းထဲကနေ ကြားရသည်။ မိုးကောင်းကင်ကို လှမ်းခေါ်တာဖြစ်ပါသည်။ မှုန်နံ့သာကို နောက်မှ ဖုန်းထပ်ဆက်လိုက်မယ်နော်ဟု ပြောပြီး ဖုန်းချသွားသည်။ ချစ်ရသည့်သူ၏ အသံကို မကြားရတော့ပဲ လိုင်းပြတ်သွားသည့် ”တူ တူ” ဆိုသည့်အသံသာ ဖုန်းထဲကနေ ကြားနေရသည်။ မှုန်နံ့သာတစ်ယောက် သူမဘေးရှိ အရာရာသည် တိတ်ဆိတ်သွားသလို ခံစားရသည်။ အိမ်ခေါင်မိုးကို လာထိသည့် မိုးစက်တွေ၏ တဖျောက်ဖျောက်အသံတွေ ကြားနေရသည့်တိုင် မှုန်နံ့သာ၏ ကမ္ဘာသည် ငြိမ်သက်လျက် ရှိနေပါတော့သည်။

********************************************

ချစ်သူနှင့်ကွေကွင်းရခြင်းသည် ဒုက္ခဟု ဆိုထားကြသည်။ ထိုဒုက္ခကို မှုန်နံ့သာ မကြုံတွေ့ရဖူးသေးပါ။ ကြုံလည်း မကြုံတွေ့ချင်ပါ။ သည်လိုမျိုး ဒုက္ခမပြောနှင့် အခု မိုးကောင်းကင်နှင့် မတွေ့ရခြင်းသည်ပင်၊ သူမမှာ နေလောင်ထားသော ပန်းကလေး၏ဘ၀ကို အလိုလို ရောက်နေရရှာသည်။ မိုးကောင်းကင်၏ မွေးစားအမေကကလည်း နေ့လား၊ ညလားဆိုတာ မသိသည့် အခြေအနေကို ရောက်နေသည်ဟုဆိုသည်။ ထို့အတွက်ကြောင့် မိုးကောင်းကင်သည် ကျောင်းတောင်မှ မလာနိုင်ရှာ။ သည်တော့ သူမတို့နှစ်ယောက် ကျောင်းမှာလည်း မတွေ့နိုင်။ အလွမ်းသယ်သည့်အနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုသာ အားကိုးရသည်။ ဒါကလည်း ပြောခဲ့ဖူးသလို မှုန်နံ့သာတို့အိမ်ရှိ ဖုန်းက၊ အိမ်ရှေ့ ဧည့်ခန်းထဲမှာမို့ တစ်ခါတစ်လေကျလျှင် ပြောရဆိုရတာ မလွတ်လပ်။ အားလုံး အနှစ်ချုပ်လိုက်သော် မှုန်နံ့သာမှာ မိုးကောင်းကင်နှင့် မတွေ့သည့် တစ်ပတ်၊ ဆယ်ရက်အတွင်း ကိုယ်ရေကို သိသိသာသာ စစ်ကျသွားလေတော့သည်။

မိုးကောင်းကင် မရှိသည့်အတွက် မှုန်နံ့သာ ကျောင်းတက်ရတာ စိတ်တော့မပါပါ။ သို့သော် သူမကိုယ်တိုင်ကလည်း နေကောင်းလျက်သားနှင့် အတန်းပျက်ချင်သူမဟုတ်၊ နောက်ပြီး အိမ်မှာနေလျှင် ပိုပြီးတော့ ငူငူငိုင်ငိုင်ကြီး ဖြစ်နေမည်ကို တွေးမိလို့ မှုန်နံ့သာ ကျောင်းတော့ မှန်မှန်လာပါသည်။ တော်တော့တော်ပါသေးသည်။ တင်ဇာလင်းက မှုန်နံ့သာ ဘာဖြစ်နေသည်ကို ရိပ်မိသည့်အတွက် သူမနှင့်အတူ တော်တော်များများ အတူလာ၍နေပေးသည်။ တစ်ခါတစ်ရံလည်း သူမ၏ ရည်းစားပူပူနွေးနွေး ဇော်ဦးပါ ပါလာတတ်သည်။ ကိုယ့်ရှေ့ မှာ သူငယ်ချင်းအတွဲက တစ်ယောက်နှင့်တစ်ယောက် ကယုကရင် လုပ်နေကြတာမြင်တော့ မှုန်နံ့သာ မိုးကောင်းကင်ကို ပို၍တောင် သတိရမိသေးသည်။

သည့်ထက်ဆိုးသည်က တင်ဇာလင်းက သူမနှင့် နှစ်ယောက်တည်းအတူ ရှိသည့်အချိန်များတွင် ဇော်ဦးနှင့်သူမ၏ အတွေ့အကြုံများကို ပြောပြခြင်း ဖြစ်သည်။ တင်ဇာလင်းက နဂိုကတည်းက အကြောက်အလန့်ရှိသူမဟုတ်၊ ပါးစပ်လည်းရဲသည်။ သွက်လည်းသွက်သည်။ ထို့အပြင် မှုန်နံ့သာအကြောင်းကို ကြားပြီးကတည်းက အားကျခဲ့သူမဟုတ်လား။ ထို့အတွက်ကြောင့် အခုလို တရားဝင်ရည်းစားရလာသည့်အချိန်တွင် မှုန်နံ့သာထက်တောင် ပို၍ ခရီးရောက်နေသည်။ သူငယ်ချင်းမ၏ အတွင်းကျကျ အဖြစ်များကို နားထောင်ရသည်မှာ မှုန်နံ့သာ တခါတလေဆို ပါးရင်းနားရင်းများ ပူတက်လာသလိုတောင် ခံစားရသည်။ နေမကောင်းဖြစ်တာ မဟုတ်ပါပဲနှင့် ကိုယ်တွင်းမှာ အပူတွေများနေသလို တရှိန်းရှိန်းဖြစ်သည်။ ခက်သည်က မိုးကောင်းကင်က မရှိတော့ သူမမှာ စိတ်ဖြေစရာမရှိ။ အရင်လိုသာဆိုလျှင် မှုန်နံ့သာ ညအိပ်ရာဝင်သည့်အချိန်၌ မအိပ်ခင်လေးတော့ လက်ကစားမိမှာ သေချာပါသည်။ အခုတော့ ဒါမျိုးလည်းမလုပ်ချင်ပါ။ မိုးကောင်းကင်နှင့် ခွဲရမည်ဆိုကတည်းက မှုန်နံ့သာ ဆုံးဖြတ်ချက်တစ်ခုချထားခဲ့သည်။ ထိုသည်ကား အခြားမဟုတ်။ မိုးကောင်းကင်က မလုပ်မပေးခြင်း၊ သူမဖာသာသူမ ဘာမှမလုပ်ဟူ၍ ဖြစ်သည်။ သည်တော့ မှုန်နံ့သာတစ်ယောက်လွမ်းသည့်စိတ်၊ တမ်းတသည့်စိတ်၊ ဟိုစိတ်၊ သည်စိတ် အားလုံးပေါင်းပြီး မိုးကောင်းကင်နှင့် ပြန်ဆုံမည့်ရက်ကိုသာ အမျှော်ကြီးမျှော်နေရလေတော့သည်။

အခု ကြာသပတေးနေ့ ရောက်ပြီ။ မနက်ဖြန်တစ်ရက်ပြီးလျှင် weekend ကျောင်းပိတ်ပေဦးမည်။ ခါတိုင်းဆိုလျှင် စနေ၊ တနင်္ဂနွေကို မျှော်နေကြဖြစ်ပေမယ့် ဒီအပတ်တော့ မှုန်နံ့သာ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ မရှိ။ မိုးကောင်းကင်၏ မွေးစားအမေက ပြီးခဲ့သော တနင်္လာနေ့က ဘ၀တစ်ပါးသို့ ကူးပြောင်းသွားရှာသည်။ မှုန်နံ့သာ ဒီသတင်းကြားပြီး စိတ်မကောင်းပါ။ ထို့အတွက်ကြောင့်လည်း သူမ အလွမ်းစိတ်ကို မျိုသိပ်ထားပြီး မိုးကောင်းကင်ကို တွေ့ချင်နေသည့်အကြောင်းတောင် နှုတ်က ပြောမထွက်ခဲ့ပေ။ သူမ ပြောမထွက်ပေမယ့် မိုးကောင်းကင်ကတော့ သူမကို လွမ်းသည့်အကြောင်း စီကာပတ်ကုံးပင် ပြောပြသည်။ ဖုန်းထဲကနေ ပြောနေရင်းမှ ဘာဘာညာညာတွေ ပါလာလို့ မှုန်နံ့သာ စိတ်ထဲတောင် တစ်မျိုးဖြစ်လာရသည်။ တော်သေးသည်။ မိုးကောင်းကင်က အချိန်သိပ်မရဘူးဆိုလို့ မှုန်နံ့သာ တောက်တောက်ယိုသည့် အဆင့်တော့ မရောက်လိုက်ပါ။ စိုတိုတိုလေးသာ ဖြစ်ကျန်ခဲ့သည်။ တော်တော်ဆိုးတဲ့ကောင်း၊ လူကို ရွစိတက်အောင် လုပ်သွားတယ်ဟု ဖုန်းချလိုက်သည့်အချိန်တွင် စိတ်ထဲက ကြိတ်၍ရန်တွေ့မိသေးသည်။ မိုးကောင်းကင်နှင့် ပြန်တွေ့လျှင် မှုန်နံ့သာ သူမကိုယ်သူမ ထိန်းချုပ်နိုင်ပါမည်လားတောင် မသိ။

ညနေကျောင်းဆင်းချေပြီ။ မှုန်နံ့သာ အိမ်ပြန်ရတော့ပေမည်။ စားပွဲပေါ်တင်ထားသည့် သူမလွယ်အိတ်ထဲ စာအုပ်ကို ထိုးထည့်လိုက်စဉ်မှာပင် ရုတ်တရက် သူမဆံပင်တွေကြားထဲ အရာတစ်ခုက တိုးဝင်သည်။ ဘာလဲဆိုတာ မှုန်နံ့သာ သိပါသည်။ လှည့်ကြည့်မနေပဲ လက်နှင့်ဆံပင်ကို သပ်ချလိုက်တော့ စက္ကူမြားတစ်ခုက လက်ထဲပါလာသည်။ မှုန်နံ့သာ ဖြေပြီး ဖွင့်ကြည့်မနေတော့ပါ။ ဘာရေးထားမည်ဆိုတာ မှန်းဆစရာမလို။ သူမကို စိတ်ဝင်စားသည့်အကြောင်း ရေးထားတာပဲ ဖြစ်ပါမည်။ နောက်ထပ် မြားတံတွေ ထပ်ရောက်မလာအောင် ဆံပင်ရှည်တွေကို ရှေ့ ဘက်သို့ သိမ်းလိုက်ပြီး အတန်းထဲမှ ထွက်လာခဲ့သည်။ ခြေလှမ်းမှန်မှန်နှင့် လျှောက်လာရင်းမှ မိုးကောင်းကင် ပြောခဲ့သည့် အကြောင်းအရာတစ်ခုစီ ပြန်ရောက်သွားသည်။ သူမတို့ကျောင်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကိစ္စနှင့် ကင်း၊ကွင်းရွေးပွဲ ကိစ္စ ..။

မိုးကောင်းကင် ပြောခဲ့သည်မှာ ဟုတ်များဟုတ်နေမလားတော့ မသိ။ ဒီရက်ပိုင်းအတွင်း တီးတိုးတီးတိုးကြားရသော စကားများအရ မှုန်နံ့သာ့ နာမည်က သူမတို့ အတန်းထဲမှာ ရေပန်းစားနေလေသည်။ မေဂျာ၏ ကွင်းအဖြစ် သူမကိုရွေးမည်ဟု ပြောသံများ ကြားနေရသည်။ တစ်နေ့တစ်နေ့ သူမဆံပင်ကို လာလာစိုက်သည့် မြားတံအရေအတွက်နှင့်ပင် ဟုတ်သည်၊ မဟုတ်သည်က ဆုံးဖြတ်လို့ရနေသည်။  မိုးကောင်းကင်နှင့် မဆုံစည်းခဲ့ရစဉ်တုန်းက သူမ အခုလိုမျိုး ပေါ်ပြူလာဖြစ်သည့်ဘ၀ကို လိုချင်ခဲ့သော်လည်း၊ တကယ်တမ်းဖြစ်လာတော့ သူမရင်ထဲမှာ ထိုအကြောင်းအရာက ရှိမနေပါ။ မိုးကောင်းကင်ကို လွမ်းသည့်စိတ်ကသာ သူမကို ကြီးစိုးထားလေသည်။ တမင်တကာ လုပ်ပြီးလျှောက်သည် မဟုတ်သည့်တိုင် မှုန်နံ့သာ အသက်မပါသလို ခြေလှမ်းတွေနှင့် ဖြေညင်းစွာ လျှောက်လာခဲ့သည်။ အတန်းထဲရှိ ကျောင်းသား၊ ကျောင်းသူတွေ သူမဘေးနားမှ ကျော်လွှားဖြတ်သန်းသွားကြသည်။ သိပ်မကြာခင်ပင် မှုန်နံ့သာပတ်ဝန်းကျင်တွင် သူမ တစ်ယောက်တည်းသာ ငြိမ်ငြိမ်သက်သက် ကျန်နေခဲ့သည်။ ကန်တင်းကို ဖြတ်ကျော်မိသည့်အချိန်တွင် သူမနားထဲသို့ သီချင်းသံတစ်ခုက တစ်စိုးတစ်စပြန့်လွင့်လာသည်။ ယနေ့နာမည်ကျော် အဆိုတော် မျိုးကြီး၏ သီချင်း .. လွမ်းတဲ့စိတ်  …။

တိတ်ဆိတ်ငြိမ်သက် ကြေကွဲ အိမ်အခန်းကျဉ်းထဲ .. ငါတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ် .. သတိရနေတုန်း .. ဘယ်သူများ ငါ့ဘေးလာနေပေးမလဲ .. မျှော်လင့်ချက်အလင်းရောင်လေးတောင် ဝေး .. ဘ၀ .. ဒီမှာ ငါတစ်ယောက်တည်း .. စိတ်ဓါတ်ကျတယ် .. မင်းကိုလွမ်းတဲ့စိတ်နဲ့ .. ဘာတွေနဲ့ နှစ်သိမ့်ရမလဲ .. မခံနိုင်အောင်ပဲ  ..

No comments:

Post a Comment