Sunday 14 July 2013

မော်ဒယ်ဂဲလ်လေး .. (၁၇)

ခင်မေထိုက်တစ်ယောက် ၊ ကံကောင်းပြီးရင်း ကောင်း၍ နေသည်။ စန်း ထလာပြီဟုပင် ဆိုရမည်လား မသိ။ သူမ၏ အစမ်း ကြော်ငြာရိုက်ချက်များကို၊ ထို ဘော့စ် ကြီးက သိပ်သဘောကျကာ၊ သူတို့ ကုမ္မဏီ၏ ပစ္စည်းများအတွက်၊ မော်ဒယ်လ်ဂဲလ် အဖြစ် သရုပ်ဆောင်ပေးဖို့ ရွေးလိုက်သည်။ ထိုCompany ကြီးကလည်း ကမ္ဘာတစ်ဝှမ်းလုပ်ငန်းများ ဖြန့်ကျက်လုပ်ကိုင်နေသည့် တကယ့် ထိပ်တန်းစာရင်းဝင်ကြီး။ မော်ဒယ်လ်လုပ်ပေးဖို့ ရန်ကုန်သို့ ထိုဘော့စ်ကြီး အပြန်တွင် ခင်မေထိုက် အတူလိုက်သွားရသည်။

ခင်မေထိုက်သည် (၇၂) သိန်းထီပေါက်သည့်အတွက်၊ သက်ဆိုင်ရာ ပင်ရင်းထီဆိုင်ကြီးမှ အထူးမေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်သော တိုက်ခန်းတစ်ခန်းလည်း ရရှိသည်။ သည်တော့ ရန်ကုန်မှာ နေရေးထိုင်ရေး အတွက်လည်း၊ အားလုံး အဆင်ပြေ၍ သွားလေတော့သည်။ မကြာမီ လပိုင်းများအတွင်းမှာပင် ခင်မေထိုက်သည် အောင်မြင်ကျော်ကြားသော မော်ဒယ်လ်ဂဲလ်တစ်ယောက် ဖြစ်လာခဲ့သည်။ စူပါမော်ဒယ်လ်ဂဲလ်အဖြစ် သျှမ်းသျှမ်းတောက် ကျော်ကြားလာမည့် လမ်းစကိုလည်း နင်းမိခဲ့လေပြီ။ ခင်မေထိုက်က မိမိနာမည်ကို "မေထိုက်အိမ်" ဟု ပြောင်းကာ၊ အခြေပိုင်ပိုင် ချမိခဲ့ပြီဖြစ်သော မော်ဒယ်လ်လောက လမ်းကြောင်းပေါ်တွင် ခေါင်းမော့ရင်ကော့ကာ လျှောက်လှမ်းနေလေတော့သည်။

မေထိုက်အိမ်အတွက် အပေါင်းအသင်း အသိအကျွမ်းတွေလည်း များပြား၍ လာသည်။ ရန်ကုန်ရောက်ပြီး၊ မော်ဒယ်လ်လမ်းကြောင်းပေါ် လျှောက်နိုင်ပြီးမှ သိခဲ့ရသောသူများ အနက်၊ မောင်မောင် ဆိုသူကို မေထိုက်အိမ် အတော်ကို စိတ်ဝင်စားမိလေသည်။ မောင်မောင်မှာလည်း မော်ဒယ်လ်ဘွိုင်းလေး တစ်ယောက်ဖြစ်သည်။ အသက်အရွယ်က မေထိုက်အိမ်နှင့် မတိမ်းမယိမ်း။ အသားဖြူဖြူနှင့် ရုပ်ရည်သားနားသည်။ အရပ်မြင့်လျှက် ကိုယ်လုံးသွယ်ကာ ကြံ့ခိုင်ကျစ်လစ်သည်။ ပြီးတော့ တကယ့်အထက်တန်းစား။ မိဘအစဉ်အဆက် ချမ်းသာကြွယ်ဝသော သူဌေးမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ တစ်ဦးတည်းသောသား။ မိဘနှစ်ပါးက ကျိကျိတက်ချမ်းသာသည်။ မော်ဒယ်လ်အလုပ်ကို အထူးဝါသနာပါသောကြောင့် စူးစူးစိုက်စိုက် လုပ်နေသူ။ စိတ်နေစိတ်ထား အလွန်ကောင်းသည်။ ကြင်နာဖော်ရွေကာ၊ သူတစ်ပါးကို ကူညီရိုင်းပင်းတတ်သည်။

မေထိုက်အိမ်က မောင်မောင် ရုပ်ချောတာကို ကြိုက်သည်။ စိတ်သဘောထား ကောင်းမွန်မှုကို သဘောကျသည်။ မောင်မောင်၏ ဆွေမျိုးမိဘအသိုင်းအ၀ိုင်းကို နှစ်သက်သည်။ မောင်မောင်နှင့်သာ လက်ထပ်လိုက်ရလျှင်၊ မိမိအဖို့ ငွေကြေး၊ အောင်မြင်မှုတို့အပြင် ဂုဏ်ကြက်သရေလည်း အရမ်းကိုတိုးကာ၊ တကယ့်အထက်တန်းစားဝင် တစ်ယောက် ဖြစ်မည်ဟု စိတ်ကူးယဉ်မိသည်။ ထို့ကြောင့် မောင်မောင့်ကို အထူးအရေးပေးသည်။ မိန်းကလေးက "စ" ရသည်ဟု အပြောခံရလောက်အောင် လိုက်လျောမှုတွေ လုပ်သည်။ မောင်မောင်ကတော့ မေထိုက်အိမ်ကို သာမန်မိတ်ဆွေတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက် မော်ဒယ်လ်ဂဲလ်လေးတစ်ယောက် အဖြစ်သာ ခင်မင်သည်။ ကူညီသည်။ မေထိုက်အိမ်လိုချင်သော ဆက်ဆံမှုမျိုးအထိတော့ မရောက်။ ဒါပေမယ့် မေထိုက်အိမ်က လက်မလျှော့ပါ။ တစ်နေ့မရ တစ်နေ့တော့၊ မောင်မောင်ကို မိမိ၏ အချစ်ကွန်ယက်အတွင်း ကွိကနဲ မိအောင် အပိုင်ဖမ်းနိုင်မည်ဟု မျှော်လင့်နေဆဲ။ ကြိုးစားနေဆဲ ..။

ရန်ကုန်သို့ ရောက်ခဲ့ပြီး ၊ တစ်နှစ်ခန့်အကြာတွင်တော့ မေထိုက်အိမ်၏ ဘ၀လမ်းကြောင်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေသော ဖြစ်ရပ်တို့၊ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြန်လေသည်။
ထိုဖြစ်ရပ်များ အစပျိုးခဲ့သည့်နေ့က၊ မေထိုက်အိမ်ထံသို့ Company ပိုင်ရှင်တစ်ယောက်က ကြော်ငြာလုပ်ငန်း အေဂျင်စီတစ်ခု၏ ကိုယ်စားလှယ်တစ်ယောက်နှင့်အတူ၊ ကြော်ငြာသရုပ်ဆောင် လုပ်ပေးဖို့ ကိစ္စအတွက် လာရောက်စကားပြောဆိုသည်။ ထိုCompany ပိုင်ရှင်နှင့်အတူ၊ မိတ်ဆွေတစ်ယောက်လည်း ပါလာသည်။ ထိုမိတ်ဆွေဆိုသူမှာ ........

*********************************************

ရန်ကုန်သို့ ပြောင်းလာကာစကပင် စ၍ မေထိုက်အိမ်သည်၊ မသိန်းခင်ဆိုသူ အမျိုးသမီးတစ်ယောက်ကို အဖော်အလှော်လည်းရ၊ တိုးတိုးဖော်လည်း ဖြစ်စေဆိုသည့် သဘောဖြင့်၊ အတူခေါ်ထားခဲ့သည်။ မသိန်းခင်သည် အသက် (၃၀)ခန့် ရှိသည်။ ဖြတ်လတ်သွက်လက်သည်။ အိမ်မှုကိစ္စတွေ နိုင်နင်းကျွမ်းကျင်သည်။ ဆံပင်ညှပ်၊ မိတ်ကပ်ပြင် စသော အလှပြင်ဆင်မှုများလည်း တတ်မြောက်သည်။ ထို့ကြောင့် မသိန်းခင်မှာ အိမ်ဖော်ထမင်းချက်လည်းဟုတ်၊ မေထိုက်အိမ်၏ အလှပြင်အကူဟုလည်း ဆိုနိုင်ကာ၊ မေထိုက်အိမ်၏ မော်ဒယ်လ်လုပ်ငန်းကိစ္စများအတွက်၊ ဧည့်ခံ ချိန်းဆိုစီစဉ်မှုများလည်း ပြုလုပ်ပေး၍ မန်နေဂျာဟုလည်း ပြောနိုင်သည့် အနေအထားတွင် ရှိနေပေသည်။

ထိုနေ့ကလည်း ရောက်လာသော ဧည့်သည်သုံးယောက်ကို၊ မသိန်းခင်ကပင် ဆီးကြိုကာ ဧည့်ခန်းတွင် ဧည့်ခံနေရာချထားပေးပြီးမှ မေထိုက်အိမ်က ထွက်၍တွေ့ဆုံလေသည်။ ဧည့်သည်များရှိသော ဧည့်ခန်းထဲသို့ မေထိုက်အိမ် ၀င်လာသည်နှင့်၊ ကြော်ငြာလုပ်ငန်း အေဂျင်စီ၏ ကိုယ်စားလှယ်၊ ကိုမြင့်ဆွေက ဆီးကြိုနှုတ်ဆက်ကာ သူခေါ်လာသော Company ပိုင်ရှင်နှင့် မိတ်ဆက်ပေးသည်။

"မေထိုက်ရေ ... မင်းအတွက် အလုပ်လေးတစ်ခု လုပ်ချင်တယ်ဆိုလို့ ကျုပ်ခေါ်လာခဲ့တာ။ သူက လင်းရောင်ခြည် Company ပိုင်ရှင် ဦးသန်းဝင်း ... ဦးသန်းဝင်းရေ ကျုပ်တို့ရဲ့ မော်ဒယ်လ်လေး မေထိုက်အိမ်ကိုတော့ ဦးသိန်းဝင်း တွေ့ဖူးသိဖူးပြီး ဖြစ်မှာပါ။ ဟိုတစ်ယောက်ကတော့ ဦးသန်းဝင်းရဲ့ မိတ်ဆွေ ... အဲ ..."

ကိုမြင့်ဆွေမှာ ဦးသန်းဝင်းနှင့် အတူပါလာသော မိတ်ဆွေ၏ အမည်ကို မေ့နေသောကြောင့် စကားထစ်ငေါ့ကာ ရပ်၍သွားသည်။ ဦးသန်းဝင်းက အလိုက်သိစွာပင် ၀င်ကာပြောလိုက်သည်။
"ကျွန်တော်က မေထိုက်အိမ်ကို လူချင်းအခုမှ တွေ့ရပေမယ့်၊ မြင်ဖူး တွေ့ဖူးနေပါတယ်။ သူကတော့ ကျွန်တော့်သူငယ်ချင်း ကျော်စိုးအုပ်ပါ .. ရန်ကုန်ကို အလည်ရောက်နေတုန်း ကျွန်တော်နဲ့ အတူ အဖော်ပါလာတာဆိုပါတော့ .."

မေထိုက်အိမ် အကြီးအကျယ် တုန်လှုပ်သွားသည်။ စိတ်လှုပ်ရှားမှုများကြောင့် မျက်နှာပင် ကွက်ကနဲ ပျက်သည်။ မနည်းကြီး ကြိုးစားကာ က္ကနြေ္ဒပြန်ဆည်ပြီး ထိုင်ခုံတစ်ခုတွင် ၀င်ထိုင်ချလိုက်ရသည်။
"အော် .. ဟုတ်ကဲ့ ... တွေ့ရတာ ၀မ်းသာပါတယ် .. ကျွန်တော် ဘာများ လုပ်ပေးနိုင်မှာလဲ .. ပြောပါ .."

မေထိုက်အိမ်သည် တုန်လှုပ်နေသော စိတ်အစဉ်ကို ကြိုးစားထိန်းကာ ပြောလိုက်ရသည်။ အသံက မသိမသာတော့ တုန်ရင်နေပါသည်။
ကျော်စိုးအုပ်မှာလည်း အတော်ပင် အံ့သြစိတ်လှုပ်ရှားသွားရလေသည်။ နာမည်ကြီး မော်ဒယ်လ် မေထိုက်အိမ်သည်၊ သူနှင့် တွေ့ဆုံဆက်ဆံခဲ့ဖူးသော တင်မူကျော် ဖြစ်လိမ့်မည်ဟု ကျော်စိုးအုပ် ထင်မထားခဲ့ပေ။ ရုပ်မြင်သံကြားတွင် လာသော မေထိုက်အိမ်၏ ကြော်ငြာများကို ကျော်စိုးအုပ် ကြည့်ဖူးပါသည်။ ဂျာနယ် Megazine များတွင် ပါသော ပုံများကိုလည်း မြင်ဖူးသည်။ သို့သော် ဆံပင်ပုံဆန်း၊ အ၀တ်အစားဖက်ရှင်ကျကျနှင့် မိတ်ကပ်အပြင်အဆင်တို့ကြောင့် တင်မူကျော် ဖြစ်ကြောင်းကို ကျော်စိုးအုပ် မသိခဲ့။ တင်မူကျော်နှင့် ဆင်သလိုလို ရှိသည်ဟုလောက်သာ ထင်ခဲ့သည်။ ငွေကြေးတနင့်တပိုးယူကာ၊ မိမိကို ကာမရောင်းစားနေလေသော၊ ကြေးကြီးစား မိန်းမတင်မူကျော်နှင့်၊ နာမည်ကြီး မော်ဒယ်လ်မေထိုက်အိမ်တို့ကိုလည်း၊ ဆက်စပ် တွေးမကြည့်ခဲ့မိပေ။

ကျော်စိုးအုပ်သည် တင်မူကျော်ဆိုသည့် မိန်းကလေးကို နှစ်သက်သဘောကျခဲ့သလို၊ နာသာခံခက်လည်း ဖြစ်နေခဲ့သည်။ အပြာဗွီဒီယိုကား ရိုက်ရန်အတွက် သဘောတူကာ၊ ငွေတွေလည်း ယူပြီးပါလျက်၊ ကားရိုက်မည့်အချိန်တွင်မှ ပေါ်မလာသည့်အတွက် ကျော်စိုးအုပ်မှာ အပြာကားရိုက်ကူးပေးမည့် ဒါရိုက်တာ၊ သရုပ်ဆောင်ဇာတ်လိုက် စသူတို့ကို တောင်းပန်ကာ၊ လျှော်ကြေးတွေ ပေးခဲ့ရသည်။ တင်မူကျော်ကို လိုက်ရှာခဲ့သေးသည်။ မန္တလေး တစ်မြို့ လုံး တစ်လက်မမျှ အလွတ်မပေး၊ မြေလှန်ကာ ရှာသည်ဟု ဆိုရလောက်အောင် အသေအလဲ လိုက်ရှာခဲ့သော်လည်း (ရန်ကုန်ကို ဆင်းသွားပြီဖြစ်သော) တင်မူကျော်ကို ရှာမတွေ့ခဲ့။ မိမိကို တစ်ပတ်ရိုက်ကာ ငွေတွေကို လိမ်ယူသွားလေပြီဟု မခံချိမခံသာ ဖြစ်နေခဲ့လေသည်။

ယခု ရန်ကုန်သို့ အလည်သဘောဆင်းလာခဲ့ကာ၊ ငယ်သူငယ်ချင်းဖြစ်သူ သန်းဝင်း၏အိမ်တွင် တည်းခိုနေရင်း၊ သန်းဝင်းက သူ့လုပ်ငန်းကြော်ငြာအတွက် နာမည်ကျော် မော်ဒယ်လ် မေထိုက်အိမ်ထံ သွားရောက်တွေ့ဆုံ စကားပြောမည်ဆိုသောအခါ (ယနေ့ခေတ်စားလာသော မော်ဒယ်လ်ဂဲလ်များနှင့် တွေ့ဖူးတယ်ရှိအောင်ဟု သဘောပိုက်ပြီး) အဖော်လိုက်လာခဲ့ရာမှ၊ မေထိုက်အိမ်မှာ တင်မူကျော် ဖြစ်နေကြောင်း၊ တွေ့ ရသိရလေတော့သည်။

အိမ်နေရင်းမို့ မေထိုက်အိမ်သည် သာမန်အ၀တ်အစားများသာ ၀တ်ဆင်ကာ၊ မိတ်ကပ်လည်း မခြယ်။ ဆံပင်ကိုလည်း ပုံစံအဆန်းအပြားမလုပ်၊ ပင်ကိုယ်အနေအထားအတိုင်း ရှိနေသည့်အတွက်၊ ကျော်စိုးအုပ်က မြင်မြင်ချင်း မှတ်မိသွားခြင်း ဖြစ်လေသည်။

မိမိငွေများကို လိမ်ယူကာ လစ်ပြေးသွားခဲ့မှုကို ဖော်ထုတ်ကာ ပြောပစ်လိုက်ဖို့၊ ကျော်စိုးအုပ် စိတ်ကူးမိသေးသည်။ သို့သော် ထို့ထက် ကောင်းသော အကြံပေါ်လာသည့်အတွက် ထိုစိတ်ကူးကို ဖျက်ပစ်လိုက်သည်။ ဘာမျှမဖြစ်သလို က္ကနြေ္ဒရရနှင့် ခပ်တည်တည် ဆက်နေခဲ့သည်။ သန်းဝင်းတို့တစ်တွေ အလုပ်ကိစ္စ စကားပြောဆိုနေကြသည်များကို အသာပင် နားထောင်နေခဲ့သည်။ ပြန်ကာနီးတွင်မှ မေထိုက်အိမ်ကို ဆက်သွယ်နိုင်မည့် တယ်လီဖုန်းနံပါတ်ကို တောင်းခဲ့ရာ၊ ကိုမြင့်ဆွေက ကြော်ငြာ ဧဂျင်စီကိုယ်စားလှယ်ပီပီ၊ မဆိုင်းမတွ ကြားဝင်ကာ ပြောပြပေးခဲ့လေသည်။

*********************************************

No comments:

Post a Comment