Saturday 6 July 2013

ဆရာကောင်း တပည့် .. (၁၈)

တားမြစ်ချက်နှင့် ကင်းလွတ်မည့် အ၀တ်တစ်စုံကို ဆင်မြန်းပြီးနောက် မှုန်နံ့သာ အိမ်ကထွက်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမ စိတ်ထင်လို့လားမသိ။ ဖယ်ရီရှိရာသို့ တစ်ယောက်တည်း လမ်းလျှောက်လာသည့် မှုန်နံ့သာကို သေချာစိုက်ကြည့်၊ စောင့်ကြည့်နေသူများ တိုးပွားလာသည်ဆိုတာကို သတိထားမိသည်။ ဒီလိုသာဆိုလျှင် ရှေ့လျှောက် ရည်းစားစကား လိုက်ပြောခံရမည့်ကိန်းက အလိုလို ရောက်လာပေလိမ့်မည်။ အရင်က မှုန်နံ့သာအနေနှင့်သာဆိုလျှင် ထိုအတွေးအတွက် ကြည်နူးချင် ကြည်နူးမိမည် ဖြစ်သော်လည်း၊ ယခုတော့ သူမ ဘယ်လိုမှ မခံစားရပါ။ သူမ အတွေးထဲတွင် မိုးကောင်းကင်သာ ရှိနေသည်။ မှုန်နံ့သာတစ်ယောက် သူမ နှလုံးသား၏ ရင်ခုန်သံက မြည်တမ်းနေသည့် နှိုးဆော်သံကို တစတစ သတိပြုမိလာပါတော့သည်။

“မိန်းမ .. နောက်ကျလှချည်လား … ငါကဖြင့် နင့်ကို ပြောချင်လွန်းလို့ စောင့်နေတာ ..“
တင်ဇာလင်းက တွေ့တွေ့ချင်း သူမလက်ကို ဆွဲ၍ အလျင်စလိုပြောသည်မို့ မှုန်နံ့သာ စောစောစီးစီးရောက်နေသည့် သူငယ်ချင်းမကို မျက်ခုံးလေးကွေး၍ကြည့်သည်။
“ဘယ်လိုဖြစ်လာတာလဲ .. တင်ဇာ … ငါက ပုံမှန်အချိန်ရောက်တာပဲလေ ..“
“အေးပါ .. အေးပါး .. အဲဒါ ထားလိုက် … မနေ့ကတုန်းက ဘာဖြစ်တယ်ထင်လဲ ..“
“ဘာဖြစ်ရမလဲ .. နင့်အဒေါ်အပျိုကြီး ယောက်ျားနောက်လိုက်သွားလို့လား …“
“အာ .. မှုန်စုတ် .. အကောင်းပြောမလို့ .. မနေ့က ငါတို့ ဘောလီဘောသွားပုတ်တော့လေ ... ဇော်ဦးနဲ့ တွေ့လာတယ် ..“

“ဘယ်က ဇော်ဦးလဲ .. အဖိုးကြီးပုံပေါက်နေတဲ့တစ်ယောက်လား … သွားတက်လေးနဲ့တစ်ယောက်လား ..“
“အဖိုးကြီးပုံပေါက်နေတဲ့ ဇော်ဦးကို ပြောမလား ဟ .. သင်္ချာကသွားတက်လေးနဲ့ဟာလေးလေ .. သူက ဘတ်စကတ်ဘော ကစားတယ်လေ ..“
“သြော် .. သိပြီ .. အဲဒါ ဘာဖြစ်လဲ ..“
“ဘာဖြစ်ရမှာလဲ .. အ ဟိ … ငါ့ကို ခင်ချင်လို့တဲ့ ..“
“အော် … အော် …“

မှုန်နံ့သာ တင်ဇာလင်းစကားကို တမင်တကာ မထူးဆန်းသလို လုပ်ပြလိုက်သည်။ မှုန်နံ့သာ ပုံစံကိုကြည့်ပြီး တင်ဇာလင်းက သူမကိုင်ထားသည့် ဖိုင်တွဲနှင့် ရိုက်သည်။ မှုန်နံ့သာရှောင်ရင်း၊ တင်ဇာလင်းကို ပတ်၍ပြေးသည်။ ပြီးတော့ တခစ်ခစ်နှင့်ရယ်သည်။ တင်ဇာလင်းကလဲ လိုက်ရယ်သည်။ ကားဂိတ်တွင် ကောင်မလေးနှစ်ယောက် ပတ်ချာလည်ပြေးပြီး ရယ်ရွှင်မြူးတူးနေသည့် မြင်ကွင်းကို ဖြတ်သွားသည့် ယောက်ျားလေးတွေရော၊ ခပ်လှမ်းလှမ်းရှိ လက်ဖက်ရည်ဆိုင်ထဲက ဖိုသတ္တ၀ါတွေကပါ သဘောကျစွာနှင့် ကြည့်နေကြသည်။ သူတို့တွေ စိတ်ထဲတွင် တင်ဇာလင်းကိုင်ထားသည့် ဖိုင်တွဲကို မွေ့ ခေါင်းအုံးများတောင် ဖြစ်ချင်နေမလား မသိ …။

ကျောင်းသွားရာ လမ်းတလျှောက်တွင်တော့ မှုန်နံ့သာတို့ စကားဝိုင်းကို တင်ဇာလင်း၏ သွားတက်ဇော်ဦးအကြောင်းက လွှမ်းမိုးထားသည်။ မှုန်နံ့သာ ဇော်ဦးကို သိပါသည်။ သင်္ချာမေဂျာရှိ သူမ သူငယ်ချင်းတစ်ယောက်က အဲဒီတစ်ယောက် King ရနိုင်တယ်ဟု ကန်တင်းမှာ တခါတုန်းက ပြထားလို့ဖြစ်သည်။ အဲဒီတုန်းကတောင် မှုန်နံ့သာက ပြန်နောက်လိုက်သေးသည်။ ကင်းဆိုတော့လဲ ကောင်းတာပေါ့၊ ကင်းကင်းရှင်းရှင်း နေရတာပေါ့လို့ ။ အခုတော့ ထိုကင်းဖြစ်လာမည့်သူက သူမ သူငယ်ချင်းကို လာပိုးနေပြီပဲ။ ကင်းကင်းရှင်းရှင်း နေလို့မရတော့ဘူးပေါ့။

တင်ဇာလင်းက မှုန်နံ့သာကို ဇော်ဦးနှင့် ပတ်သက်ပြီး အကြံဥာဏ်တောင်းသည်။ အကယ်၍သာ ဇော်ဦးက သူမကို နှစ်ယောက်တည်း တွေ့ချင်ပါသည်ဟု ဆိုလျှင် ဘယ်လိုလုပ်ရမလဲတဲ့။ မှုန်နံ့သာလဲ တတ်သမျှ၊ မှတ်သမျှနှင့် သူငယ်ချင်းမကို အကြံပေးရသည်။ နောက်ပြီး ဇော်ဦးနှင့် ပတ်သက်ပြီး မိုးကောင်းကင်ကို မေးပေးမည်ဟု ကတိပေးလိုက်သည်။ သူတို့တွေက အားကစားသမားချင်းမို့ တစ်ယောက်အကြောင်းတစ်ယောက် သိချင်သိနိုင်မည် မဟုတ်လား။ တင်ဇာလင်းက မှုန်နံ့သာ ပြောသမျှကို နားထောင်ပါသည်။ သူငယ်ချင်းမ၏ မျက်လုံးလေးတွေသည် နေ့ခင်းကြီးဖြစ်နေသည့်တိုင် ကြယ်ပွင့်လေးတွေလို အရောင်လက်နေသည်။ တော်တော်တော့ စိတ်မ၀င်စားရှာဘူး .. ”မိန်းမ တော်တော်ရွနေတယ်”ဟုလို့တောင် မှုန်နံ့သာ ဖယ်ရီပေါ်က အဆင်းတွင် စလိုက်သေးသည်။

ညနေကျောင်းဆင်းတော့ ထုံးစံအတိုင်း မိုးကောင်းကင်က သူမကို စောင့်နေပါသည်။ အမှန်ဆို ဒီနေ့ တင်ဇာလင်းက သူတို့နှင့် လိုက်ပြန်ဖို့ အစီအစဉ်ရှိသော်လည်း၊ နေ့လည်တုန်းက မလိုက်တော့ဘူးဟု လာပြောသည်။ ဘောလီဘောသွားပုတ်ဖို့ ချိန်းထားလိုက်လို့ဆိုပြီး အကြောင်းပြသည်။ မျက်နှာကတော့ စပ်ဖြဲစပ်ဖြဲနှင့်။ မှုန်နံ့သာ သူငယ်ချင်း ဖြစ်သူ ဘာဖြစ်နေမှန်း သိပါသည်။ အမြင်ကတ်ကတ်နှင့် ”နင် ဘီလူးရောဂါ ထနေတာ မှတ်လား”ဟု စလိုက်သေးသည်။ သွားတက်လေးပါသည့် ဇော်ဦးကို မနက်က ဖယ်ရီကားပေါ်မှာ သူမတို့နှစ်ဦးပေးထားသည့် code name က ”ဘီလူး” ဖြစ်တော့သည် ...။

မိုးကောင်းကင်နှင့် ကျောင်းကထွက်လာတော့ မှုန်နံ့သာ တင်ဇာလင်းရဲ့ မိတ်ဆွေသစ် ဇော်ဦးအကြောင်း မေးမိသည်။
“သိတယ် .. မှုန် .. ဘာဖြစ်လို့လဲ …“
“သူက တင်ဇာကို နဲနဲလာရှိတ်နေလို့ .. ဟိုကလဲ လက်ခံမယ့် သဘောရှိနေတယ်လေ .. အဲဒါကြောင့် ..“
“အော် .. ဒီလိုလား .. ဒါဆို တင်ဇာက ကောင်းအကူအညီမလိုတော့ဘူးပေါ့ .. သူ့ဖာသာသူ ရှာတွေ့သွားပြီပေါ့ .. “
“မပြောတတ်ပါဘူး .. သူတို့နှစ်ယောက်က အခုမှ စခင်ကာစ ရှိသေးတယ်လေ ..“
“အမလေး .. စခင်ကာစ ရှိသေး လုပ်နေတယ် .. ဒီနေ့ခေတ် ယောက်ျားလေးတွေများ လက်မသွက်တာ ဘယ်သူရှိလဲ .. မှုန့်သူငယ်ချင်းကသာ ဟပေးလိုက် .. ဟိုက ၀င်ဆွဲသွားပါလိမ့်မယ် .. ဟီး .. ဟီး ..“
“ဒါတော့ တပည့်တော်မလဲ မလျှောက်တတ်ပါ ရှင့် .. ခိ .. ခိ  ..“

မိုးကောင်းကင်ကားနှင့် နှစ်ရက်စလုံး ပြန်လာခဲ့သည်မို့ ထုံးစံအတိုင်း သူမအိပ်ရောက်သည့်အချိန်တွင် အမေဖြစ်သူ ပြန်မရောက်သေးပါ။ သံစဉ်သာကတော့ သူမတက်နေသည့် တစ်ချိန်ကျောင်းက သုံးနာရီထိုးလျှင် ဆင်းတာမို့ အိမ်မှာရှိနေသည်။ ဧည့်ခန်းထဲတွင် စာအုပ်ကြီး ဖွင့်လျှက် အိပ်ပျော်နေသည်။ အစ်မဖြစ်သူ အိမ်ထဲဝင်လာမှ နိုးသည်။ မှုန်နံ့သာ သူမနှုတ်ခမ်းကို လက်ညိုးနှင့်ကပ်ကာ ရှူးတိုတိုး လုပ်ပြပြီး အခန်းထဲဝင် အ၀တ်အစားလဲသည်။ အားကစားဝတ်စုံလဲပြီးနောက် နဂိုမနက်က ၀တ်လာသည့် အ၀တ်တွေကိုပြန်ခေါက်ယူပြီး အိတ်ထဲထည့်သည်။ ထို့နောက်အပြင်ကို ပြန်ထွက်လာခဲ့သည်။ သံစဉ်သာက “မမ ဘဲရနေပြီးလား“ ဟု မေးသည်။ မှုန်နံ့သာ ပြုံးစိစိနှင့် အိမ်ရှေ့မျက်စောင်းထိုးတွင် ရပ်ထားသည့် မိုးကောင်းကင်၏ ကားကို လက်ညိုးထိုးပြသည်။ ပြီးနောက် ညီအစ်မနှစ်ယောက် တိုင်ပင်မထားပဲ တခစ်ခစ်နှင့် ရယ်မိကြသည်။ သံစဉ်သာက “မမ အတွေ့အကြုံလေးပြောဦး“ ဆိုပြီး အတင်းလုပ်နေသဖြင့် ပြန်လာမှ ပြောမည်ဆိုပြီး ချော့မော့၍ ထွက်လာခဲ့သည်။ သူမတို့ ညီအစ်မနှစ်ယောက် မနေ့က အ၀တ်အစားကိစ္စပြီးကတည်းက ခါတိုင်းနှင့်မတူပဲ ရင်းနှီးနေလေသည်။

အားကစားလေ့ကျင့်ခန်းက မနေ့တုန်းက အတိုင်းပင်။ ဘယ်လိုပဲဖြစ်ဖြစ် မှုန်နံ့သာသည် မိုးကောင်းကင်ကိုမှီအောင်တော့ လိုက်မပြေးနိုင်သေးပေ။ သို့သော် သူမ အရင်နေ့တွေလိုတော့ မဟုတ်ပဲ အမောခံနိုင်ရည်ကတော့ တိုးလာသည်။ မိုးကောင်းကင်က “မှုန် .. စပယ်ရှယ်ဂျု့ စ်သောက်ရလို့ နေမှာပေါ့“ ဟု ပြုံးစိစိနှင့်စသည်။ ဟွန်း .. တော်တော်ဆိုးတဲ့ကောင်း .. စပ်မြင်ကပ်တယ် … တွေ့မယ် ..။

အားကစားလုပ်ပြီးလို့ နှစ်ဦးသား၏ ဘုံဗိမာန် အိမ်ကလေးသို့ ပါလာသည်တွင် မိုးကောင်းကင်က မှုန်နံ့သာအား ရေကူးဝတ်စုံလဲခိုင်းသည်။ သူတို့ဆောက်ထားသည့် ရေကူးကန်၏ ထိပ်တွင် ဂျာကူစီအသေးလေး တစ်ခုရှိလို့ အဲဒီထဲမှာ စိမ်ရအောင်ဆိုပြီး အကြံပြုသည်။ မှုန်နံ့သာ အချိန်နောက်ကျမည်စိုးသော်လည်း ဂျာကူစီဆိုတာ ဘာမှန်းမသိလို့ စိတ်ဝင်စားမိသည်။ မိုးကောင်းကင်ကလဲ အဆွယ်ကောင်းသဖြင့် ၀ယ်ပြီးသိမ်းထားပေးခဲ့သည့် ရေကူးဝတ်စုံကို လဲဝတ်ယူလိုက်သည်။ သူမ အ၀တ်လဲခန်းထဲမှ ပြန်ထွက်လာတော့ ကောင်းက အိမ်ကလေး၏ နောက်ဘက်မှ လှမ်းခေါ်သည်။

”၀ိုး … မိတယ်ကွာ .. အရမ်းလှတာပဲ … ဓါတ်ပုံတောင် ရိုက်ယူထားချင်တယ် ..”
”အပိုတွေ ..”
မှုန်နံ့သာက မူနွဲ့နွဲ့နှင့်ဆိုလိုက်ပေမယ့် မျက်နှာလေးကတော့ ပြုံးနေသည်။ မိုးကောင်းကင် ကမ်းပေးထားသည့် လက်ကို လှမ်းဆွဲယူရင်း ဘဲဥပုံအ၀ိုင်းလေးပုံစံရှိသည့် ရေကန်သေးသေးလေးထဲသို့ ဆင်းလာခဲ့သည်။
”လာ .. မှုန် .. ဒီနားမှာ မှီထိုင်လိုက် ..”
”ကောင်း .. ရေတွေ တိုးနေတယ် .. ခြေထောက်ကို ..”
“ဟုတ်တယ် လေ .. မှုန် .. ဂျာကူစီဆိုတာ အဲဒါပဲလေ .. အထဲမှာ ရေပန်း jet လေးတွေရှိတယ် .. အညောင်းပြေ၊ အညာပြေဖို့အတွက် အကောင်းဆုံးပဲလေ ..”

မိုးကောင်းကင်က ရှင်းပြရင်း မှုန်နံ့သာဘက်သို့ လှည့်ကာ မျက်နှာမူလိုက်သည်။ သူမ၏ ပုခုံးကို ယုယစွာ သိုင်းဖက်လိုက်သည်တွင် မှုန်နံ့သာကလဲ မိုးကောင်းကင်၏ လှိုင်းတွန့်ပုံဆံပင်အုံထဲ လက်ထိုးထည့်ကာ သပ်ပေးသည်။ သူမတို့နှစ်ယောက် အခိုက်အတန့်မျှ စကားမပြောဖြစ်ပဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။
“ကောင်း .. မှုန့်အတွက်နဲ့ ကောင်းအချိန်တွေ ကုန်နေရတယ်နော် .. အဲဒီအတွက် ကောင်းအဆင်ပြေရဲ့ လား ..“
“ပြေပါတယ် .. ဘာဖြစ်လို့ ဒီလိုမေးတာလဲ ..“

မှုန်နံ့သာ မိုးကောင်းကင်ကို ကြည့်မနေတော့ပါ။ မျက်နှာလေး လွှဲဖယ်လိုက်ပြီး ခပ်လှမ်းလှမ်းတွင် မြင်နေရသည့် တိုက်အိမ်ကြီးသို့ ငေးကြည့်နေမိသည်။ ထိုသို့ ကြည့်မိမှလဲ မိုးကောင်းကင်နှင့် သူမ ဘ၀ကွာခြားပုံကို ပိုနားလည်ရသည်။ တကယ်ဆို သူမ ဒီအိမ်ကိုရောက်တာ အခေါက်ခေါက် အခါခါ ရှိပြီဖြစ်သည်။ ယနေ့ထက်ထိ မိုးကောင်းကင်၏ မိသားစုနှင့် မတွေ့ရသေး။ မိုးကောင်းကင် အိမ်လိုက်လာတိုင်း၊ ရေကူးကန်ဘေးက အိမ်ကလေးထဲတွင်ပင် အချိန်ကုန်ခဲ့တာများသည်။ သူမကို အကယ်၍သာ မိုးကောင်းကင်၏ မိသားစုဝင်တစ်ယောက်ယောက်က တွေ့သွားလျှင် ဘယ်လိုထင်မလဲ။ မှုန်နံ့သာ သက်ပြင်းလေးတစ်ခုကို မသိမသာ မှုတ်ထုတ်လိုက်မိ၏။

“ဘာမှ မဖြစ်ပါဘူး ကောင်း .. မှုန်က ကောင်းရဲ့ ကိုယ်ပိုင်အချိန်တွေကို လာအသုံးပြုနေသလို ဖြစ်မှာစိုးလို့ .. ကောင်းဖာသာကောင်း သီးသန့်နေချင်တယ်မျိုး ဖြစ်နေရင် မကောင်းလို့လေ ..“
“မဟုတ်တာ .. မှုန်ကလဲ … နောက်ပြီး မှုန့်ကို ထရိန်နင်လုပ်ပေးရတာလဲ ကောင်းပျော်ပါတယ် ..

မိုးကောင်းကင်က အပျော်သဘောမျိုးနှင့် စလိုက်သည်ဖြစ်ပေမယ့် မှုန်နံ့သာ မရယ်ပါ။ သူ့ကို မကြည့်ပဲ တခြားဘက်သို့ ငေးနေမြဲ ငေးနေသည်။ မိုးကောင်းကင် ရင်ထဲ တစ်မျိုးဖြစ်သွားရသည်။ နေရင်းထိုင်ရင်း ချက်ချင်းလက်ငင်းကြီး ဘယ်လိုဖြစ်သွားတာလဲ။ ခုနေလးတင်ကပင် ဂျာကူစီကို သဘောကျသည့် မျက်နှာနှင့် ရွှင်ရွှင်မြူးမြူး ဖြစ်နေတာ မဟုတ်လား။ ဆံပင်တွေ ရေမစိုအောင် ခေါင်းပေါ်တွင် ထုံးဖွဲ့ထားလို့ လည်တိုင်ဝင်းဝင်းလေး ပေါ်နေသည့် မှုန်နံ့သာ၏ ပုခုံးကို ညင်ညင်သာသာလေး ပွေ့ဖက်လိုက်သည်။ ဒီလိုကျတော့လဲ မှုန်နံ့သာသည် သူ့ကို ရီဝေသည့် မျက်လုံးတွေနှင့် မော်ကြည့်ရှာသည်။ မိုးကောင်းကင် သန္တာရောင်သန်းနေသည့် နှုတ်ခမ်းသားလေးတွေကို ယုယုယယနမ်းသည်။ မှုန်နံ့သာကလဲ သူ့လည်တိုင်ကို လက်တစ်ဖက်နှင့် သွယ်ဖက်၍ အနမ်းကို အနမ်းနှင့် တုံ့ပြန်ရှာသည်။

No comments:

Post a Comment